16. အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏အသင်းတော်အပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
17. ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
18. အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
19. သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။
20. ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
21. ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
22. ဤစာကိုရေးပေးသူ အကျွန်ုပ်တေရတိသည် သခင်ဘုရား၌ သင်တို့ကိုနှုတ်ဆက်ပါ၏။
23. ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
24. [ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ အာမင်။]
25-26. ငါဟောပြောသည့် ကောင်းမြတ်သောသတင်းနှင့်ယေရှုခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်
27. ပညာနှင့်ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၌ ယေရှုခရစ်တော်အားဖြင့် ကာလအစဉ်အဆက် ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။