10. တစ်ဖန် “လူမျိုးခြားတို့၊ ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ကြလော့”ဟု ဆိုထား၏။
11. ထို့နောက် တစ်ဖန် “လူမျိုးခြားအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူမျိုးအပေါင်းတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့”ဟု ဆိုထား၏။
12. တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
13. သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။
14. ငါ့ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင် ကောင်းမြတ်ခြင်းနှင့်ပြည့်ဝလျက် အသိပညာအမျိုးမျိုးနှင့်ပြည့်စုံကာ အချင်းချင်းကိုသတိပေးဆုံးမနိုင်ကြသည်ဟု သင်တို့နှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချ၏။