19. နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
20. ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ်တော်၏နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်းမြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏။
21. ဤသည်ကား “ကိုယ်တော်၏အကြောင်းကိုဖော်ပြခြင်းမခံရဖူးသောသူတို့သည် မြင်ကြ၍ မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်”ဟု ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။
22. ဤအကြောင်းကြောင့် ငါသည် သင်တို့ထံသို့မလာရန် အဖန်ဖန်တားဆီးခြင်းကို ခံခဲ့ရသော်လည်း
23. ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ
24. စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။
25. သို့သော် ယခု ငါသည် သန့်ရှင်းသူများ၏အမှုကိုဆောင်ရွက်ရန် ဂျေရုဆလင်မြို့သို့ သွားရမည်။
26. အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။
27. သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူကြရသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။
28. ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။
29. သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။