12. တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
13. သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။
14. ငါ့ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင် ကောင်းမြတ်ခြင်းနှင့်ပြည့်ဝလျက် အသိပညာအမျိုးမျိုးနှင့်ပြည့်စုံကာ အချင်းချင်းကိုသတိပေးဆုံးမနိုင်ကြသည်ဟု သင်တို့နှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချ၏။
15-16. သို့သော် လူမျိုးခြားတို့အတွက် ငါ့ကိုခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းဆောင်သူဖြစ်စေ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်စေပြီး ထိုလူမျိုးခြားတို့ကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းခံရသည့်နှစ်သက်လက်ခံဖွယ်ပူဇော်သက္ကာဖြစ်စေရန် ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ကို တစ်ဖန်သတိပေးရန် တချို့အပိုင်း၌ ငါရဲဝံ့စွာ ရေးခဲ့၏။
17. သို့ဖြစ်၍ ငါသည် ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ခရစ်တော်ယေရှုအားဖြင့် ဝါကြွားစရာအကြောင်းရှိ၏။
18. အကြောင်းမူကား လူမျိုးခြားတို့နာခံမှုရှိစေရန် ခရစ်တော်သည် ငါ့ကိုအသုံးပြု၍ တရားစကားနှင့်လုပ်ဆောင်မှုအားဖြင့်လည်းကောင်း၊
19. နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
20. ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ်တော်၏နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်းမြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏။
21. ဤသည်ကား “ကိုယ်တော်၏အကြောင်းကိုဖော်ပြခြင်းမခံရဖူးသောသူတို့သည် မြင်ကြ၍ မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်”ဟု ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။
22. ဤအကြောင်းကြောင့် ငါသည် သင်တို့ထံသို့မလာရန် အဖန်ဖန်တားဆီးခြင်းကို ခံခဲ့ရသော်လည်း
23. ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ
24. စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။
25. သို့သော် ယခု ငါသည် သန့်ရှင်းသူများ၏အမှုကိုဆောင်ရွက်ရန် ဂျေရုဆလင်မြို့သို့ သွားရမည်။
26. အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။
27. သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူကြရသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။
28. ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။
29. သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။
30. ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ
31. ငါသည် ယုဒပြည်ရှိ မယုံကြည်သူတို့၏လက်မှ ကယ်နုတ်ခြင်းခံရပြီး ဂျေရုဆလင်မြို့အတွက် ငါဆောင်ရွက်သောအမှုသည် သန့်ရှင်းသူများရှေ့တွင် နှစ်သက်လက်ခံဖွယ်ဖြစ်သဖြင့်
32. ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။