7. ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။
8. အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။
9. အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏။
10. သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
11. အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။
12. သို့ဖြစ်၍ ငါတို့တစ်ဦးစီသည် ဘုရားသခင်ရှေ့တော်၌ မိမိအကြောင်းကို မိမိဖြေရှင်းရလိမ့်မည်။
13. ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
14. ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
15. အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။