10. သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
11. အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။
12. သို့ဖြစ်၍ ငါတို့တစ်ဦးစီသည် ဘုရားသခင်ရှေ့တော်၌ မိမိအကြောင်းကို မိမိဖြေရှင်းရလိမ့်မည်။
13. ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
14. ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
15. အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
16. သင်တို့အတွက်ကောင်းသောအရာကိုလည်း ပြစ်တင်ပြောဆိုစရာမဖြစ်စေကြနှင့်။
17. အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
18. ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏။
19. သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
20. အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။