16. အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏။
17. သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
18. ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။
19. ထိုအခါ သင်က “ငါ့ကို ကိုင်းဆက်ကူးရန်အတွက် အကိုင်းအခက်များသည် ခုတ်ဖြတ်ခြင်းခံရကြသည်”ဟု ဆိုလိမ့်မည်။
20. မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
21. အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူခဲ့လျှင် သင့်ကိုလည်း ညှာတာတော်မူလိမ့်မည်မဟုတ်။
22. ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
23. သူတို့သည်လည်း မယုံကြည်မှုကိုစွန့်ပယ်လျှင် ကိုင်းဆက်ကူးခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့ကို နောက်တစ်ဖန်ကိုင်းဆက်ကူးရန် ဘုရားသခင်တတ်နိုင်တော်မူ၏။
24. အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။
25. ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
26. ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ “ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ်ရှားတော်မူလိမ့်မည်။
27. ဤသည်ကား သူတို့၏အပြစ်များကို ငါဖယ်ရှားသောအခါ သူတို့အား ငါပေးမည့်ပဋိညာဉ်ပေတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
28. ကောင်းမြတ်သောသတင်းအရ သူတို့သည် သင်တို့အတွက်ကြောင့် ရန်သူများဖြစ်ကြသော်လည်း ရွေးကောက်တော်မူခြင်းအရ ရှေးဘိုးဘေးများအတွက်ကြောင့် ချစ်တော်မူသောသူများဖြစ်ကြ၏။
29. အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
30. သင်တို့သည် တစ်ချိန်က ဘုရားသခင်ကိုမနာခံခဲ့ကြသော်လည်း ယခုအခါ ထိုသူတို့၏မနာခံမှုကြောင့် ကရုဏာတော်ကိုခံစားရကြသကဲ့သို့
31. သူတို့သည်လည်း ထိုနည်းတူ ယခုနာခံခြင်းမရှိကြပေ။ ဤသည်ကား သင်တို့ခံရသောကရုဏာတော်အားဖြင့် ယခုအခါ သူတို့သည်လည်း ကရုဏာတော်ကိုခံစားရကြစေရန်ဖြစ်၏။
32. ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။
33. ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
34. “မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။
35. မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”