ရော​မ​ဩ​ဝါ​ဒ​စာ 11:12-26 Myanmar Standard Bible (MSB)

12. သို့​သော် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​သည် လော​ကီ​သား​တို့​၏​ကြွယ်​ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံး​နိမ့်​ခြင်း​သည် လူ​မျိုး​ခြား​တို့​၏​ကြွယ်​ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်​စုံ​ခြင်း​သည် မည်​မျှ​ပို​၍​များ​သော​အ​ကျိုး​ကို ဖြစ်​စေ​လိမ့်​မည်​နည်း။

13. ထို့​ကြောင့် လူ​မျိုး​ခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူ​မျိုး​ခြား​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​အ​လျောက် ငါ​၏​အ​မှု​တော်​လုပ်​ငန်း​ကို ဂုဏ်​ယူ​လျက်

14. တစ်​နည်း​နည်း​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ကယ်​တင်​နိုင်​ရန် ငါ​မျှော်​လင့်​နေ​၏။

15. အ​ကြောင်း​မူ​ကား သူ​တို့​ပစ်​ပယ်​ခံ​ရ​ခြင်း​သည် လော​ကီ​သား​တို့​အ​တွက် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်​ခံ​ခြင်း​သည် သေ​လွန်​သော​သူ​တို့​အ​သက်​ပြန်​ရှင်​ခြင်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်​လော။

16. အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။

17. သို့​သော် အ​ကိုင်း​အ​ခက်​အ​ချို့​တို့​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​၍ သံ​လွင်​ပင်​အ​ရိုင်း​ဖြစ်​သော​သင်​သည် ထို​အ​ကိုင်း​အ​ခက်​များ​ကြား​၌ ကိုင်း​ဆက်​ကူး​ခံ​ရ​ပြီး သံ​လွင်​ပင်​အ​မြစ်​မှ​အ​ဆီ​အ​နှစ်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​လာ​လျှင်

18. ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။

19. ထို​အ​ခါ သင်​က “ငါ့​ကို ကိုင်း​ဆက်​ကူး​ရန်​အ​တွက် အ​ကိုင်း​အ​ခက်​များ​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်”​ဟု ဆို​လိမ့်​မည်။

20. မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး သင်​မူ​ကား ယုံ​ကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ ကြောက်​ရွံ့​ခြင်း​ရှိ​လော့။

21. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မူ​လ​အ​ကိုင်း​အ​ခက်​များ​ကို ညှာ​တာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာ​တာ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

22. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​သည် လဲ​ကျ​သော​သူ​တို့​ပေါ်​၌​ရှိ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​မူ​ကား သင်​သည် ထို​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​၌ ဆက်​၍​တည်​နေ​လျှင် သင့်​အ​ပေါ်​၌​ရှိ​၏။ ဆက်​၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်​ဖြတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

23. သူ​တို့​သည်​လည်း မ​ယုံ​ကြည်​မှု​ကို​စွန့်​ပယ်​လျှင် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​ကို နောက်​တစ်​ဖန်​ကိုင်း​ဆက်​ကူး​ရန် ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏။

24. အ​ဘယ်​ကြောင့်​ဆို​သော် သင်​သည် သ​ဘာ​ဝ​အ​တိုင်း ရိုင်း​သည့်​သံ​လွင်​ပင်​မှ ခုတ်​ဖြတ်​ခံ​ရ​၍ ကောင်း​သည့်​သံ​လွင်​ပင်​၌ သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​လျက် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​သည်​မှန်​လျှင် သ​ဘာ​ဝ​အ​တိုင်း ကောင်း​သည့်​သံ​လွင်​ပင်​၏​အ​ကိုင်း​များ​ကို​မူ​ကား မူ​ရင်း​သံ​လွင်​ပင်​၌ မည်​မျှ​ပို​၍​လွယ်​ကူ​စွာ ကိုင်း​ဆက်​ကူး​နိုင်​လိမ့်​မည်​နည်း။

25. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​သ​တိ​ရှိ​သော​သူ​ဟူ​၍​မ​ထင်​မှတ်​ကြ​စေ​ရန် ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အစ္စ​ရေး​လူ​မျိုး​၌ မာ​ကျော​ခက်​ထန်​သူ​အ​ချို့​ရှိ​ခြင်း​မှာ လူ​မျိုး​ခြား​တို့​စုံ​လင်​စွာ​ဝင်​ရောက်​သည်​အ​ထိ​ဖြစ်​ပြီး

26. ဤ​သို့​ဖြင့် အစ္စ​ရေး​လူ​မျိုး​တစ်​မျိုး​လုံး​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည်​ဟူ​၍​ဖြစ်​၏။ “ကယ်​နုတ်​သော​အ​ရှင်​သည် ဇိ​အုန်​မှ​ကြွ​လာ​ပြီး ယာ​ကုပ်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ ဘု​ရား​တ​ရား​မဲ့​ခြင်း​များ​ကို ဖယ်​ရှား​တော်​မူ​လိမ့်​မည်။

ရော​မ​ဩ​ဝါ​ဒ​စာ 11