10. သူတို့၏မျက်စိသည် မမြင်နိုင်အောင်ကွယ်ပါစေ။ သူတို့၏ကျောသည်လည်း အစဉ်ကုန်းပါစေ”ဟု ဆိုထား၏။
11. သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။
12. သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။
13. ထို့ကြောင့် လူမျိုးခြားဖြစ်သောသင်တို့အား ငါပြောလိုသည်မှာ ငါသည် လူမျိုးခြားနှင့်ဆိုင်သော တမန်တော်ဖြစ်သည့်အလျောက် ငါ၏အမှုတော်လုပ်ငန်းကို ဂုဏ်ယူလျက်
14. တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏။
15. အကြောင်းမူကား သူတို့ပစ်ပယ်ခံရခြင်းသည် လောကီသားတို့အတွက် ပြန်လည်သင့်မြတ်ခြင်းအခွင့်ဖြစ်လျှင် သူတို့ကို ပြန်၍လက်ခံခြင်းသည် သေလွန်သောသူတို့အသက်ပြန်ရှင်ခြင်းဖြစ်လိမ့်မည်မဟုတ်လော။
16. အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏။
17. သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
18. ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။
19. ထိုအခါ သင်က “ငါ့ကို ကိုင်းဆက်ကူးရန်အတွက် အကိုင်းအခက်များသည် ခုတ်ဖြတ်ခြင်းခံရကြသည်”ဟု ဆိုလိမ့်မည်။
20. မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
21. အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူခဲ့လျှင် သင့်ကိုလည်း ညှာတာတော်မူလိမ့်မည်မဟုတ်။
22. ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။