1. သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။
2. ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
3. သူက “အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ပရောဖက်များကိုသတ်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းကျန်ရစ်ခဲ့၍ အကျွန်ုပ်၏အသက်ကိုလည်း ရန်ရှာနေကြပါ၏”ဟု လျှောက်လေ၏။
4. သို့ရာတွင် ဘုရားသခင်သည် သူ့ကို မည်သို့ ပြန်၍မိန့်တော်မူသနည်း။ “ငါသည် ဗာလရှေ့၌ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက်ချန်ထား၏”ဟု မိန့်တော်မူ၏။
5. ထိုနည်းတူ ယခုအချိန်အခါ၌လည်း ကျေးဇူးတော်အားဖြင့် ရွေးကောက်ခံရသည့်ကြွင်းကျန်သောသူရှိသေး၏။
6. သို့သော် ကျေးဇူးတော်အားဖြင့်ဖြစ်လျှင် အကျင့်အားဖြင့်မဟုတ်တော့ပေ။ သို့မဟုတ်လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်ဖြစ်တော့မည်မဟုတ်။
7. သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။
8. “ဘုရားသခင်သည် သူတို့အား ယနေ့ထိတိုင်အောင် ထိုင်းမှိုင်းသောစိတ်သဘောကိုလည်းကောင်း၊ မမြင်နိုင်သောမျက်စိကိုလည်းကောင်း၊ မကြားနိုင်သောနားကိုလည်းကောင်း ပေးတော်မူ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
9. ဒါဝိဒ်ကလည်း “သူတို့၏စားပွဲသည် သူတို့အတွက် ကျော့ကွင်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ မှားယွင်းစေသောအရာသော်လည်းကောင်း၊ လက်တုံ့ပြန်စရာသော်လည်းကောင်း ဖြစ်ပါစေ။
10. သူတို့၏မျက်စိသည် မမြင်နိုင်အောင်ကွယ်ပါစေ။ သူတို့၏ကျောသည်လည်း အစဉ်ကုန်းပါစေ”ဟု ဆိုထား၏။
11. သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။