ရော​မ​ဩ​ဝါ​ဒ​စာ 10:9-21 Myanmar Standard Bible (MSB)

9. သင်​သည် မိ​မိ​နှုတ်​ဖြင့် ယေ​ရှု​သည် အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​၍ သင်​၏​စိတ်​နှ​လုံး​ထဲ​၌ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ယုံ​ကြည်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။

10. အ​ကြောင်း​မူ​ကား လူ​သည် စိတ်​နှ​လုံး​ဖြင့်​ယုံ​ကြည်​၍ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ပြီး နှုတ်​ဖြင့်​ဝန်​ခံ​၍ ကယ်​တင်​ခြင်း​ခံ​ရ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​က “ထို​ကျောက်​ကို​ယုံ​ကြည်​သ​မျှ​သော​သူ​သည် အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။

12. ဤ​တွင် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​တို့​ကြား​၌ ခြား​နား​မှု​မ​ရှိ။ အ​ကြောင်း​မူ​ကား တစ်​ပါး​တည်း​သော​အ​ရှင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ကိုယ်​တော်​ကို​ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား ကြွယ်​ဝ​စေ​တော်​မူ​၏။

13. “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ပတ္ထ​နာ​ပြု​သော​သူ​တိုင်း ကယ်​တင်​ခြင်း​ခံ​ရ​မည်”​ဖြစ်​၏။

14. သို့​ရာ​တွင် မိ​မိ​မ​ယုံ​ကြည်​သော​အ​ရှင်​ထံ မည်​သို့​ပတ္ထ​နာ​ပြု​နိုင်​မည်​နည်း။ မိ​မိ​မ​ကြား​ဖူး​သော​အ​ရှင်​ကို မည်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် မည်​သို့​ကြား​နိုင်​မည်​နည်း။

15. စေ​လွှတ်​ခြင်း​မ​ခံ​ရ​လျှင် မည်​သို့​ဟော​ပြော​နိုင်​မည်​နည်း။ “ကောင်း​မြတ်​ခြင်း​နှင့်​ဆိုင်​သည့် ဝမ်း​မြောက်​ဖွယ်​သ​တင်း​ကို​ဟော​ပြော​သော​သူ​များ​၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

16. သို့​သော် ဤ​ကောင်း​မြတ်​သော​သ​တင်း​ကို သူ​တို့​အား​လုံး​နာ​ခံ​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က “အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​သ​တင်း​စ​ကား​ကို မည်​သူ​ယုံ​ကြည်​ပါ​သ​နည်း”​ဟု ဆို​ထား​၏။

17. သို့​ဖြစ်​၍ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့်​ဖြစ်​ပြီး ကြား​နာ​ခြင်း​သည် ခ​ရစ်​တော်​၏​စ​ကား​တော်​အား​ဖြင့်​ဖြစ်​၏။

18. သို့​သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သ​လော။ အ​မှန်​ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အ​သံ​သည် မြေ​ကြီး​တစ်​ပြင်​လုံး​သို့ ပျံ့​နှံ့​သွား​၍ သူ​တို့​၏​စ​ကား​သည် ကမ္ဘာ​လော​က​အ​စွန်​အ​ဖျား​တိုင်​အောင် ရောက်​လေ​၏။ ”

19. တစ်​ဖန် ငါ​မေး​လို​သည်​မှာ အစ္စ​ရေး​လူ​မျိုး​တို့​သည် မ​သိ​ကြ​သ​လော။ ပ​ထ​မ​ဦး​စွာ မော​ရှေ​က “ငါ​သည် မ​ပြော​ပ​လောက်​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​ကို မ​ခံ​မ​ရပ်​နိုင်​ဖြစ်​စေ​မည်”​ဟု ဆို​၏။

20. ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရှိ​ကြ​၏။ ငါ့​အ​ကြောင်း​ကို​မ​မေး​မြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်​ရှား​ပြ​၏”​ဟု ရဲ​ရင့်​စွာ​ဆို​ထား​၏။

21. အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍​မူ​ကား “နာ​ခံ​ခြင်း​မ​ရှိ၊ ဆန့်​ကျင်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ထံ​သို့ တစ်​နေ့​လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”​ဟု ဆို​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 10