1. ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
2. သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
3. အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
4. ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
5. မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်”ဟု ရေးထား၏။
6. ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ‘ကောင်းကင်သို့ မည်သူတက်မည်နည်း’ဟု မပြောနှင့် (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။)
7. သို့မဟုတ် ‘အတိုင်းမသိနက်ရှိုင်းရာထဲသို့ မည်သူဆင်းမည်နည်း’ဟူ၍လည်း မပြောနှင့် (ဤသည်ကား ခရစ်တော်ကို သေသောသူတို့ထဲမှ ခေါ်ထုတ်ခြင်းဖြစ်၏)”ဟု ဆိုထား၏။
8. ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
9. သင်သည် မိမိနှုတ်ဖြင့် ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းဝန်ခံ၍ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သူ့ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူပြီဟု ယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်။
10. အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။
11. အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။