13. ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
14. ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။
15. ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။
16. ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
17. အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
18. ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ ဘုရားတရားမဲ့ခြင်းနှင့်မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။
19. အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။
20. တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။
21. အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောဆင်ခြင်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။
22. သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး
23. ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။
24. ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။
25. သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။