7. ထိုကျိုင်းကောင်တို့၏သဏ္ဌာန်သည် စစ်ပွဲအတွက်ပြင်ဆင်ထားသော စစ်မြင်းနှင့်တူ၏။ သူတို့၏ဦးခေါင်းပေါ်၌ ရွှေသရဖူကဲ့သို့သောအရာရှိ၍ သူတို့၏မျက်နှာသည် လူမျက်နှာနှင့်တူ၏။
8. သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။
9. သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။
10. သူတို့တွင် ကင်းမြီးကောက်သကဲ့သို့ ဆူးပါသောအမြီးရှိ၍ ထိုအမြီး၌ လူတို့ကို ငါးလတိုင်တိုင်ဘေးသင့်စေနိုင်သောအစွမ်းရှိ၏။
11. သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။
12. ပထမအမင်္ဂလာသည် လွန်သွားလေပြီ။ ဤအရာများ၏နောက်တွင် အမင်္ဂလာနှစ်မျိုးလာဦးမည်။
13. ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းထံမှ ထွက်လာသောအသံက
14. ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။
15. ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။
16. မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။