5. အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။
6. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
7. ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
8. သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။
9. ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
10. သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
11. ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။
12. ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
13. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
14. လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။
15. သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။
16. သင်သည် ဤသို့ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်၊ မပူမအေးဖြစ်နေသောကြောင့် သင့်ကို ငါ့ခံတွင်းထဲမှ ထွေးထုတ်တော့မည်။
17. သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။