10. သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
11. ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။
12. ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
13. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
14. လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။
15. သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။
16. သင်သည် ဤသို့ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်၊ မပူမအေးဖြစ်နေသောကြောင့် သင့်ကို ငါ့ခံတွင်းထဲမှ ထွေးထုတ်တော့မည်။
17. သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။
18. သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
19. ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ သူတို့ကိုဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
20. ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။
21. ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
22. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏