3. ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။
4. သူတို့သည် ကိုယ်တော်၏မျက်နှာကိုဖူးမြင်ရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်သည်လည်း သူတို့၏နဖူးပေါ်၌ရှိလိမ့်မည်။
5. ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
6. ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။
7. “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။”
8. ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော်
9. သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင့်ညီအစ်ကိုများဖြစ်ကြသည့် ပရောဖက်များနှင့် ဤစာစောင်၌ပါသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူများ၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့”ဟု ဆို၏။
10. တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။
11. မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။
12. “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။