8. သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
9. ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။
10. ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။
11. ထိုမြို့သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ပြည့်စုံ၍ ၎င်း၏အလင်းရောင်သည် ကျောက်မျက်ရတနာနှင့်တူပြီး ကျောက်သလင်းသဖွယ်ကြည်လင်သော နဂါးသွဲ့ကျောက်ကဲ့သို့ဖြစ်၏။
12. ထိုမြို့တွင် ကြီးမား၍မြင့်လှသောမြို့ရိုးရှိလျက် တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ တံခါးများတွင် ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးရှိ၍ ထိုတံခါးများပေါ်၌ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုတစ်ဆယ့်နှစ်နွယ်တို့၏အမည်နာမများကို ရေးထိုးထား၏။
13. အရှေ့ဘက်တွင် တံခါးသုံးပေါက်၊ မြောက်ဘက်တွင် တံခါးသုံးပေါက်၊ တောင်ဘက်တွင် တံခါးသုံးပေါက်၊ အနောက်ဘက်တွင် တံခါးသုံးပေါက်ရှိ၏။
14. မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့အပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။
15. ငါနှင့်စကားပြောသောကောင်းကင်တမန်၌ ထိုမြို့ကိုလည်းကောင်း၊ မြို့၏တံခါးနှင့်မြို့ရိုးတို့ကိုလည်းကောင်း တိုင်းရန် တိုင်းစရာရွှေကျူရိုးရှိ၏။
16. ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ စတာဒီယွန်တစ်သောင်းနှစ်ထောင်ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။
17. မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။
18. ထိုမြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထား၍ မြို့သည် ကြည်လင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
19. မြို့ရိုး၏အုတ်မြစ်တို့ကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊
20. ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။
21. မြို့တံခါးတစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံးဖြစ်ကြပြီး တံခါးတစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့်ပြုလုပ်ထား၏။ မြို့၏လမ်းမသည်လည်း ထုတ်ချင်းခတ်မြင်နိုင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။