ဗျာ​ဒိတ်​ကျမ်း 21:2-18 Myanmar Standard Bible (MSB)

2. တစ်​ဖန် သန့်​ရှင်း​သော​ဂျေ​ရု​ဆ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​ဆင်​မြန်း​ထား​သည့် သ​တို့​သ​မီး​ကဲ့​သို့​ပြင်​ဆင်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်၊ ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

3. ထို့​နောက် ပလ္လင်​တော်​မှ​ကျယ်​လောင်​သော​အ​သံ​က “ကြည့်​ရှု​လော့။ ဘု​ရား​သ​ခင်​စံ​ရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်​တော်​သည် သူ​တို့​နှင့်​အ​တူ​စံ​မြန်း​တော်​မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​ပြီး ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​၍ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​မည်။

4. ကိုယ်​တော်​သည် သူ​တို့​၏​မျက်​စိ​မှ​မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​ပေး​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​သည် ရှိ​တော့​မည်​မ​ဟုတ်။ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း၊ အော်​ဟစ်​ငို​ကြွေး​ခြင်း​နှင့် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​တို့​သည်​လည်း ရှိ​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ယ​ခင်​ဖြစ်​ခဲ့​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

5. ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​က​လည်း “ကြည့်​ရှု​လော့။ ငါ​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို အ​သစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်​မူ​ပြီး​လျှင် “ရေး​ထား​လော့။ ဤ​စ​ကား​တို့​သည် သစ္စာ​စ​ကား၊ မှန်​ကန်​သော​စ​ကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

6. တစ်​ဖန် “အ​မှု​ပြီး​မြောက်​ပြီ။ ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏။ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ခ​မဲ့​ငါ​ပေး​မည်။

7. အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ဆက်​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ​၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။

8. သို့​သော် ကြောက်​တတ်​သူ​များ၊ မ​ယုံ​ကြည်​သူ​များ၊ ရွံ​ရှာ​ဖွယ်​ကောင်း​သူ​များ၊ လူ​သတ်​သူ​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ ပြု​စား​သော​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​နှင့် လိမ်​လည်​သော​သူ​အ​ပေါင်း​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ​၌ မိ​မိ​တို့​အ​ဖို့​ကို​ရ​ကြ​လိမ့်​မည်။ ဤ​သည်​ကား ဒု​တိ​ယ​သေ​ခြင်း​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် နောက်​ဆုံး​သော​ဘေး​ဒဏ်​ခု​နစ်​ပါး​နှင့် ပြည့်​နေ​သော​ဖ​လား​ခု​နစ်​လုံး​ကို ကိုင်​ဆောင်​သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စ​ကား​ပြော​လျက် “လာ​ပါ။ သိုး​သ​ငယ်​တော်​၏​ဇ​နီး​သည်​ဖြစ်​သော သ​တို့​သ​မီး​ကို သင့်​အား​ငါ​ပြ​မည်”​ဟု ဆို​၏။

10. ထို​ကောင်း​ကင်​တ​မန်​သည် ကြီး​မား​၍​မြင့်​လှ​သော​တောင်​ပေါ်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ခေါ်​ဆောင်​သွား​ကာ ဘု​ရား​သ​ခင်​အ​ထံ​တော်၊ ကောင်း​ကင်​ထက်​မှ​ဆင်း​သက်​လာ​သည့် သန့်​ရှင်း​သော​ဂျေ​ရု​ဆ​လင်​မြို့​ကို ငါ့​အား​ပြ​လေ​၏။

11. ထို​မြို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​၍ ၎င်း​၏​အ​လင်း​ရောင်​သည် ကျောက်​မျက်​ရ​တ​နာ​နှင့်​တူ​ပြီး ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင်​သော န​ဂါး​သွဲ့​ကျောက်​ကဲ့​သို့​ဖြစ်​၏။

12. ထို​မြို့​တွင် ကြီး​မား​၍​မြင့်​လှ​သော​မြို့​ရိုး​ရှိ​လျက် တံ​ခါး​တစ်​ဆယ့်​နှစ်​ပေါက်​ရှိ​၏။ တံ​ခါး​များ​တွင် ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​ရှိ​၍ ထို​တံ​ခါး​များ​ပေါ်​၌ အစ္စ​ရေး​အ​မျိုး​သား​တို့​၏​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​အ​မည်​နာ​မ​များ​ကို ရေး​ထိုး​ထား​၏။

13. အ​ရှေ့​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ တောင်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်​ရှိ​၏။

14. မြို့​ရိုး​တွင် အုတ်​မြစ်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၍ ၎င်း​တို့​အ​ပေါ်​၌ သိုး​သ​ငယ်​တော်​၏​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​အ​မည်​တစ်​ဆယ့်​နှစ်​ခု​ကို​ရေး​ထား​၏။

15. ငါ​နှင့်​စ​ကား​ပြော​သော​ကောင်း​ကင်​တ​မန်​၌ ထို​မြို့​ကို​လည်း​ကောင်း၊ မြို့​၏​တံ​ခါး​နှင့်​မြို့​ရိုး​တို့​ကို​လည်း​ကောင်း တိုင်း​ရန် တိုင်း​စ​ရာ​ရွှေ​ကျူ​ရိုး​ရှိ​၏။

16. ထို​မြို့​သည် စ​တု​ရန်း​ပုံ​ရှိ​၍ ၎င်း​၏​အ​လျား​နှင့်​အ​နံ​သည် တူ​ညီ​၏။ ကောင်း​ကင်​တ​မန်​သည် ရွှေ​ကျူ​ရိုး​ဖြင့် မြို့​ကို​တိုင်း​လေ​ရာ စ​တာ​ဒီ​ယွန်​တစ်​သောင်း​နှစ်​ထောင်​ရှိ​၍ ၎င်း​၏​အ​လျား၊ အ​နံ၊ အ​မြင့်​တို့​သည် တူ​ညီ​ကြ​၏။

17. မြို့​ရိုး​ထု​ကို​လည်း​တိုင်း​လေ​ရာ ကောင်း​ကင်​တ​မန်​၏​အ​တိုင်း​အ​တာ​လည်း​ဖြစ်​သော လူ​၏​အ​တိုင်း​အ​တာ​အား​ဖြင့် အ​တောင် တစ်​ရာ​လေး​ဆယ့်​လေး​တောင်​ရှိ​၏။

18. ထို​မြို့​ရိုး​ကို န​ဂါး​သွဲ့​ကျောက်​ဖြင့် တည်​ဆောက်​ထား​၍ မြို့​သည် ကြည်​လင်​သော​ဖန်​သား​နှင့်​တူ​သည့် ရွှေ​စင်​ဖြစ်​၏။

ဗျာ​ဒိတ်​ကျမ်း 21