2. တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
3. ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။
4. ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
5. ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
6. တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
7. အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။
8. သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
9. ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။
10. ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။