16. ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ စတာဒီယွန်တစ်သောင်းနှစ်ထောင်ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။
17. မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။
18. ထိုမြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထား၍ မြို့သည် ကြည်လင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
19. မြို့ရိုး၏အုတ်မြစ်တို့ကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊
20. ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။
21. မြို့တံခါးတစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံးဖြစ်ကြပြီး တံခါးတစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့်ပြုလုပ်ထား၏။ မြို့၏လမ်းမသည်လည်း ထုတ်ချင်းခတ်မြင်နိုင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
22. ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။
23. ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။
24. လူမျိုးတကာတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည်လည်း မိမိတို့၏ဘုန်းအသရေကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
25. ထိုနေရာ၌ ညမရှိသောကြောင့် မြို့တံခါးများကို မည်သည့်နေ့ရက်တွင်မျှ ပိတ်ထားခြင်းမရှိ။
26. လူတို့သည် လူမျိုးတကာတို့၏ဘုန်းအသရေနှင့် ဂုဏ်သရေတို့ကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
27. မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ကြရလိမ့်မည်။