1. ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။
2. တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
3. ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။
4. ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
5. ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
6. တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
7. အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။