3. သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။
4. သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိ၏ကနဦးမေတ္တာကိုစွန့်ခွာခဲ့ပြီ။
5. ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။
6. သို့ရာတွင် ဤတစ်ချက်ကား သင်၌ရှိ၏။ ငါမုန်းသော နိကောလဂိုဏ်းဝင်များ၏လုပ်ဆောင်မှုတို့ကို သင်လည်းမုန်း၏။
7. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။
8. စမုရနမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်သူ၊ သေခဲ့သော်လည်း ပြန်၍အသက်ရှင်သောသူက ဤသို့မိန့်တော်မူ၏။
9. သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။
10. သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
11. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သော ဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
12. ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။