13. သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
14. သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
15. ထိုနည်းတူ သင်တို့၌ နိကောလဂိုဏ်းဝင်များ၏အယူဝါဒကို ခံယူကျင့်သုံးသောသူများလည်းရှိကြ၏။
16. ထို့ကြောင့် နောင်တရလော့။ သို့မဟုတ်လျှင် ငါသည် သင့်ထံသို့အလျင်အမြန်လာ၍ ငါ့ခံတွင်းမှသန်လျက်ဖြင့် သူတို့ကိုတိုက်ခိုက်မည်။
17. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
18. သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
19. သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် သည်းခံခြင်းတို့ကို ငါသိ၏။ သင်၏နောက်ပိုင်းလုပ်ဆောင်မှုများသည် ကနဦးလုပ်ဆောင်မှုများထက် သာလွန်ကြောင်းကိုလည်း ငါသိ၏။
20. သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
21. ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။