15. သူ၏ခံတွင်းထဲမှလည်း လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်ထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။
16. သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။
17. ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်၌ ပျံသန်းသောငှက်အပေါင်းတို့အား “ဘုရားသခင်၏ညစာစားပွဲကြီးသို့ လာ၍စုဝေးကြလော့။
18. ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။
19. ထိုအခါ သားရဲမှစ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များနှင့် ၎င်းတို့၏ဗိုလ်ခြေများသည် မြင်းစီးသောသူနှင့်သူ၏ဗိုလ်ခြေကိုစစ်တိုက်ရန် စုဝေးကြသည်ကို ငါမြင်ရ၏။
20. သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
21. ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားကြရ၏။