7. သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
8. ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
9. သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။
10. ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသဖြင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။
11. ကမ္ဘာမြေကြီးပေါ်ရှိ ကုန်သည်များသည်လည်း သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်စုံတစ်ဦးမျှမရှိတော့သဖြင့် သူ့အတွက်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။
12. သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊
13. သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။
14. သင်၏စိတ်နှလုံးတပ်မက်သောအသီးအပွင့်သည် သင့်ထံမှ ပျောက်ကွယ်သွားလေပြီ။ သင့်ကို အဆီယစ်စေသောအရာများနှင့် တင့်တယ်စေသောအရာတို့သည်လည်း သင့်ထံမှ ပျောက်ဆုံးသွားလေပြီ။ ထိုအရာများကို မည်သည့်အခါမျှတွေ့ရကြတော့မည်မဟုတ်။
15. သူ့အားဖြင့် ချမ်းသာလာသောသူများဖြစ်ကြသည့် ထိုကုန်ပစ္စည်းတို့ကိုပိုင်ဆိုင်သောကုန်သည်တို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကို ကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ဝမ်းနည်းကြေကွဲ၍ ငိုကြွေးကြကာ
16. ‘ပိတ်ချော၊ ခရမ်းရောင်နှင့် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားသောမြို့ကြီး၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။
17. အကြောင်းမူကား ဤမျှလောက်များပြားသောစည်းစိမ်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း လုံးလုံးဖျက်ဆီးခြင်းခံရပါသည်တကား’ဟု ဆိုကြလိမ့်မည်။ ရေယာဉ်မှူးအားလုံး၊ အရပ်ရပ်သို့ရွက်လွှင့်တတ်သောသူအပေါင်းတို့နှင့် သင်္ဘောသားများ၊ ပင်လယ်ထဲ၌အလုပ်လုပ်နေသူရှိသမျှတို့သည်လည်း အဝေးမှရပ်လျက်
18. သူ့ကိုလောင်ကျွမ်းနေသောမီးမှ မီးခိုးများကိုမြင်၍ ‘မည်သည့်မြို့သည် ဤကြီးမားသောမြို့နှင့်တူသနည်း’ဟု အော်ဟစ်ကြလိမ့်မည်။
19. သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။
20. ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
21. ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။
22. စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။