1. ထို့နောက် ကြီးမားသောအခွင့်အာဏာပါလျက် ကောင်းကင်မှဆင်းသက်လာသည့် အခြားသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည် သူ၏ဘုန်းအသရေကြောင့် ထွန်းလင်းတောက်ပလေ၏။
2. သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။
3. အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။
4. ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။
5. အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။
6. သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။
7. သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
8. ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
9. သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။