ဗျာ​ဒိတ်​ကျမ်း 17:1-13 Myanmar Standard Bible (MSB)

1. ထို့​နောက် ဖ​လား​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စ​ကား​ပြော​လျက် “လာ​ပါ။ များ​စွာ​သော​ရေ​တို့​အ​ပေါ်​ထိုင်​နေ​သော ပြည့်​တန်​ဆာ​မ​ကြီး​ခံ​ရ​မည့် တ​ရား​စီ​ရင်​ခြင်း​ကို သင့်​အား ငါ​ပြ​မည်။

2. ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​စ​ပျစ်​ဝိုင်​ဖြင့် ယစ်​မူး​ကြ​၏”​ဟု မြွက်​ဆို​ပြီး​လျှင်

3. ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​ကန္တာ​ရ​ထဲ​သို့ ခေါ်​ဆောင်​သွား​လေ​၏။ ထို​အ​ခါ ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း​ရှိ​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော အ​မည်​နာ​မ​များ​ဖြင့်​ပြည့်​နေ​သည့် နီ​မြန်း​သော​သား​ရဲ​ပေါ်​၌ ထိုင်​နေ​သော​မိန်း​မ​တစ်​ယောက်​ကို ငါ​မြင်​ရ​၏။

4. ထို​မိန်း​မ​သည် ခ​ရမ်း​ရောင်​နှင့် နီ​မြန်း​သော​အ​ရောင်​တို့​ကို ဝတ်​ဆင်​ထား​လျက် ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နှင့် ပု​လဲ​တို့​ဖြင့် တန်​ဆာ​ဆင်​ထား​ကာ သူ​၏​လက်​၌ ရွံ​ရှာ​ဖွယ်​ရာ​များ​နှင့် မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​၏​ညစ်​ညူး​သော​အ​ရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။

5. သူ​၏​န​ဖူး​ပေါ်​၌​ရေး​ထား​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​မည်​နာ​မ​မှာ “ဘေ​ဘီ​လုံ​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​ရွံ​ရှာ​ဖွယ်​ရာ​များ​၏​အ​မိ”​ဟူ​၍​ဖြစ်​၏ ။

6. ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့​၏​သွေး​နှင့် ယေ​ရှု​၏​သက်​သေ​များ​၏​သွေး​တို့​ဖြင့် ယစ်​မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သော​အ​ခါ အ​လွန်​အံ့​ဩ​မိ​၏။

7. ထို​အ​ခါ ကောင်း​ကင်​တ​မန်​က “သင်​သည် အ​ဘယ်​ကြောင့်​အံ့​ဩ​သ​နည်း။ ထို​မိန်း​မ​နှင့် သူ့​ကို​သယ်​ဆောင်​သော ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း​ရှိ​သည့် သား​ရဲ​တို့​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ချက်​ကို သင့်​အား ငါ​ပြော​ပြ​မည်။

8. သင်​မြင်​ရ​သော​သား​ရဲ​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ​တက်​လာ​၍ ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​ထဲ​တွင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ အ​သက်​စာ​စောင်​၌​စာ​ရင်း​မ​ဝင်​သော​သူ​တို့​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ​ရောက်​လာ​မည့် ထို​သား​ရဲ​ကို​မြင်​လျက် အံ့​ဩ​ကြ​လိမ့်​မည်။

9. ဤ​နေ​ရာ​တွင် ဉာဏ်​ပ​ညာ​ပါ​သော​အ​သိ​စိတ်​ရှိ​ရန်​လို​အပ်​၏။ ခေါင်း​ခု​နစ်​လုံး​သည် ထို​မိန်း​မ​ထိုင်​နေ​သော​တောင်​ခု​နစ်​လုံး​ဖြစ်​ပြီး

10. ဘု​ရင်​ခု​နစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျ​ဆုံး​ပြီး တစ်​ပါး​သည် ယ​ခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း​လာ​သော​အ​ခါ​၌​လည်း ခေတ္တ​ခ​ဏ​သာ​တည်​ရ​လိမ့်​မည်။

11. ယ​ခင်​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ​သော​သား​ရဲ​သည် အဋ္ဌ​မ​ဘု​ရင်​ဖြစ်​၏။ သူ​သည် ထို​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​လည်း​ဖြစ်​ပြီး ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

12. သင်​မြင်​ရ​သော​ဦး​ချို​ဆယ်​ချောင်း​ကား တိုင်း​နိုင်​ငံ​ကို​မ​ရ​သေး​သော ဘု​ရင်​ဆယ်​ပါး​ဖြစ်​ကြ​၏။ သို့​သော် သူ​တို့​သည် သား​ရဲ​နှင့်​အ​တူ မင်း​အာ​ဏာ​စက်​ကို တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း ရ​ရှိ​ကြ​လိမ့်​မည်။

13. ထို​ဘု​ရင်​တို့​သည် တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ မိ​မိ​တို့​၏​တန်​ခိုး​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ကို သား​ရဲ​အား​ပေး​အပ်​ကြ​လိမ့်​မည်။

ဗျာ​ဒိတ်​ကျမ်း 17