ဗျာ​ဒိတ်​ကျမ်း 16:4-17 Myanmar Standard Bible (MSB)

4. တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို မြစ်​များ​နှင့် စမ်း​ရေ​များ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။

5. ထို​အ​ခါ ရေ​နှင့်​ဆိုင်​သော​ကောင်း​ကင်​တ​မန်​က “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် သန့်​ရှင်း​တော်​မူ​သော​အ​ရှင်၊ ဤ​အ​မှု​အ​ရာ​များ​ကို ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည်​ဖြောင့်​မတ်​ပါ​၏။

6. အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သန့်​ရှင်း​သူ​များ​နှင့် ပ​ရော​ဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်​မူ​ပြီ။ သူ​တို့​သည် ထို​သို့​ခံ​ရ​ရန် ထိုက်​တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

7. ယဇ်​ပလ္လင်​က​လည်း “မှန်​ပါ​၏။ အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် မှန်​ကန်​၍ တ​ရား​မျှ​တ​ပါ​၏”​ဟု ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။

8. စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို နေ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အ​ခွင့်​ကို​ရ​၏။

9. လူ​တို့​သည် ပြင်း​ထန်​သော​အ​ပူ​ရှိန်​ကြောင့် နေ​လောင်​ဒဏ်​ခံ​ရ​သ​ဖြင့် ဤ​ဘေး​ဒဏ်​များ​အ​ပေါ်​အ​ခွင့်​အာ​ဏာ​ရှိ​သော ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို စော်​ကား​ပြော​ဆို​၍ နောင်​တ​လည်း​မ​ရ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း မ​ချီး​မွမ်း​ကြ​ပေ။

10. ပဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို သား​ရဲ​၏​ပလ္လင်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​သွား​၍ လူ​တို့​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် မိ​မိ​တို့​လျှာ​ကို​ကိုက်​ခဲ​ကြ​၏။

11. လူ​တို့​သည် သူ​တို့​ခံ​ရ​သော​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့် သူ​တို့​၏​အ​နာ​စိမ်း​တို့​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​၍ မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပေ။

12. ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ အ​ရှေ့​ပြည်​မှ​ဘု​ရင်​များ​အ​တွက် လမ်း​ကို​ပြင်​ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်း​ခြောက်​သွား​လေ​၏။

13. ထို့​နောက် န​ဂါး​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ သား​ရဲ​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ ပ​ရော​ဖက်​အ​တု​အ​ယောင်​၏​ခံ​တွင်း​မှ​လည်း​ကောင်း ဖား​နှင့်​တူ​သည့် ညစ်​ညူး​သော​ဝိ​ညာဉ်​သုံး​ပါး ထွက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

14. ထို​ဝိ​ညာဉ်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​သော နတ်​ဆိုး​တို့​၏​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ ဘု​ရင်​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကြီး​နှင့်​ဆိုင်​သော​စစ်​ပွဲ​အ​တွက်​စု​ဝေး​စေ​ရန် ထို​ဘု​ရင်​များ​ထံ​သို့ ထွက်​ခွာ​သွား​ကြ​၏။

15. (ကြည့်​ရှု​လော့။ ငါ​သည် သူ​ခိုး​ကဲ့​သို့​လာ​မည်။ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြင့်​သွား​လာ​၍ မိ​မိ​အ​ရှက်​ကို လူ​တို့​မြင်​ရ​သည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် မိ​မိ​အ​ဝတ်​များ​ကို​ထိန်း​သိမ်း​လျက် သ​တိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။)

16. ထို​ဝိ​ညာဉ်​တို့​သည် ဘု​ရင်​များ​ကို ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု​ခေါ်​သော​အ​ရပ်​၌ စု​ဝေး​စေ​ကြ​၏။

17. သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို အာ​ကာ​သ​ထဲ​သို့​သွန်း​လောင်း​သော​အ​ခါ ဗိ​မာန်​တော်​ထဲ​ရှိ ပလ္လင်​တော်​မှ ကျယ်​လောင်​သော​အ​သံ​ထွက်​ပေါ်​လာ​၍ “အ​မှု​ပြီး​မြောက်​ပြီ”​ဟု ဆို​၏။

ဗျာ​ဒိတ်​ကျမ်း 16