3. ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။
4. တတိယကောင်းကင်တမန်သည် သူ၏ဖလားကို မြစ်များနှင့် စမ်းရေများပေါ်သို့သွန်းလောင်းသောအခါ ရေသည်သွေးဖြစ်သွားလေ၏။
5. ထိုအခါ ရေနှင့်ဆိုင်သောကောင်းကင်တမန်က “ယခုရှိလျက် ယခင်ကလည်းရှိသည့် သန့်ရှင်းတော်မူသောအရှင်၊ ဤအမှုအရာများကို ကိုယ်တော်စီရင်တော်မူသောကြောင့် ကိုယ်တော်သည်ဖြောင့်မတ်ပါ၏။
6. အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
7. ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။
8. စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။
9. လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။
10. ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။
11. လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။
12. ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။