13. ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
14. တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။
15. ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
16. ထိုအခါ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် ရိတ်သိမ်းခြင်းကိုခံရလေ၏။
17. တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ရှိ ဗိမာန်တော်ထဲမှထွက်လာ၏။ သူ၌လည်း ထက်သောတံစဉ်ပါ၏။
18. ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
19. ထိုကောင်းကင်တမန်သည်လည်း သူ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလျက် မြေကြီးပေါ်မှစပျစ်ခိုင်ကိုရိတ်သိမ်းကာ ဘုရားသခင်၏ပြင်းစွာသောဒေါသနှင့်ဆိုင်သည့် ကြီးမားသောစပျစ်သီးနယ်ရာကျင်းထဲသို့ သွန်ချလိုက်၏။
20. ၎င်းတို့ကို မြို့ပြင်ရှိ စပျစ်သီးနယ်ရာကျင်း၌နင်းနယ်သောအခါ သွေးသည် ထိုစပျစ်သီးနယ်ရာကျင်းမှစီးထွက်လာ၍ မြင်း၏ဇက်ကြိုးအထိမြင့်ပြီး စတာဒီယွန်တစ်ထောင့်ခြောက်ရာပြန့်သွားလေ၏။