1. ထို့နောက် ငါကြည့်လိုက်ရာ သိုးသငယ်တော်သည် ဇိအုန်တောင်ပေါ်တွင်ရပ်နေ၏။ သိုးသငယ်တော်၏နာမနှင့် ခမည်းတော်၏နာမတို့ကို မိမိတို့နဖူး၌ရေးထားသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူရှိကြ၏။
2. ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။
3. သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ မြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။
4. ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
5. သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။
6. ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။