8. အနိုင်မရကြ။ ကောင်းကင်၌လည်း သူတို့အတွက်နေရာမရှိတော့ပေ။
9. ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။
10. ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။
11. ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
12. သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
13. နဂါးသည် မြေကြီးပေါ်သို့ ပစ်ချခြင်းခံရသည်ကို သိမြင်သောအခါ သားယောက်ျားကိုဖွားမြင်သောအမျိုးသမီးအား လိုက်လံညှဉ်းဆဲလေ၏။
14. သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။
15. မြွေသည် ထိုအမျိုးသမီးအား ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။