7. ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
8. ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
9. ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
10. သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။
11. ထိုအသံက “သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
12. ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
13. ထိုဆီမီးခုံများအလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။
14. ထိုသူ၏ဦးခေါင်းနှင့်ဆံပင်တို့သည် ဖြူသောသိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြူ၍ သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ကြ၏။
15. သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။
16. သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ သူ၏ခံတွင်းမှ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။