ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 3:9-21 Myanmar Standard Bible (MSB)

9. ဤ​သည်​ကား ငါ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော ငါ​၏​ဖြောင့်​မတ်​ခြင်း​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း​အ​ပေါ်​၌​အ​ခြေ​ခံ​သည့် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၍ ခ​ရစ်​တော်​ကို​ရ​ရှိ​ကာ ကိုယ်​တော်​၌ တွေ့​မြင်​ခြင်း​ခံ​ရ​ရန်​အ​တွက်​ဖြစ်​၏။

10. ထို့​ပြင် ကိုယ်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​တန်​ခိုး​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​ကို​မျှ​ဝေ​ခံ​ယူ​ခြင်း​ကို​လည်း​ကောင်း သိ​ရှိ​၍ ကိုယ်​တော်​၏​အ​သေ​ခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​ကာ

11. သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့ တစ်​နည်း​နည်း​ဖြင့် ရောက်​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

12. ငါ​သည် ထို​အ​ခွင့်​ကို​ရ​ရှိ​ပြီ သို့​မ​ဟုတ် စုံ​လင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆို​လို​သည်​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​ယေ​ရှု​သည် ထို​အ​ခွင့်​အ​တွက် ငါ့​ကို ဖမ်း​ကိုင်​ထား​သည်​ဖြစ်​၍ ငါ​သည်​လည်း ထို​အ​ခွင့်​ကို ဖမ်း​ကိုင်​နိုင်​ရန် ကြိုး​စား​လျက်​ရှိ​၏။

13. ညီ​အစ်​ကို​တို့၊ ငါ​ဖမ်း​ကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်​တိုင်​မ​မှတ်​ယူ။ သို့​သော် ငါ​ပြု​သော​အ​ရာ​တစ်​ခု​မှာ နောက်​၌​ရှိ​သော​အ​ရာ​များ​ကို​မေ့​ထား​၍ ရှေ့​၌​ရှိ​သော​အ​ရာ​များ​သို့​တက်​လှမ်း​ကာ

14. ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် အ​ထက်​အ​ရပ်​သို့ ဘု​ရား​သ​ခင်​ခေါ်​ယူ​၍ ပေး​တော်​မူ​မည့်​ဆု​ကို​ရ​ရှိ​ရန် ပန်း​တိုင်​သို့​ကြိုး​စား​၍​ပြေး​၏။

15. ထို့​ကြောင့် စုံ​လင်​ရင့်​ကျက်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဤ​သို့​သော​စိတ်​သ​ဘော​ရှိ​သင့်​၏။ သင်​တို့​၌ ခြား​နား​သော​စိတ်​သ​ဘော​တစ်​စုံ​တစ်​ခု​ရှိ​လျှင်​လည်း ဘု​ရား​သ​ခင်​သည် ထို​အ​ရာ​ကို​ပင် သင်​တို့​အား ဖော်​ပြ​တော်​မူ​လိမ့်​မည်။

16. မည်​သို့​ပင်​ဖြစ်​စေ ငါ​တို့​သည် မိ​မိ​တို့​ရောက်​ရှိ​သည့်​အ​နေ​အ​ထား​နှင့်​အ​ညီ လိုက်​လျှောက်​ကြ​ကုန်​စို့။

17. ညီ​အစ်​ကို​တို့၊ ငါ့​ကို​အ​တု​ယူ​သူ​များ​ဖြစ်​ကြ​လော့။ ငါ​တို့​ထံ​မှ​ရ​ရှိ​သော​စံ​န​မူ​နာ​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော​သူ​တို့​ကို​လည်း ကြည့်​ရှု​မှတ်​သား​ကြ​လော့။

18. အ​ကြောင်း​မူ​ကား သင်​တို့​အား မ​ကြာ​ခ​ဏ ငါ​ပြော​ခဲ့​ပြီး ယ​ခု​တစ်​ဖန် မျက်​ရည်​ကျ​လျက်​ပြော​သည်​မှာ များ​စွာ​သော​သူ​တို့​သည် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို​ရန်​ဘက်​ပြု​လျက် အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​၏။

19. ထို​သူ​တို့​၏​နိ​ဂုံး​သည် ပျက်​စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘု​ရား​သည် သူ​တို့​၏​ဝမ်း​ဗိုက်​ဖြစ်​၍ သူ​တို့​သည် မိ​မိ​တို့​၏​ရှက်​ဖွယ်​ရာ​၌ ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ သူ​တို့​စွဲ​လမ်း​သော​အ​ရာ​သည် လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ပင်​ဖြစ်​ကြ​၏။

20. သို့​သော် ငါ​တို့​၏​နိုင်​ငံ​သား​အ​ရိုက်​အ​ရာ​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​၏။ ထို​အ​ရပ်​မှ​ကြွ​လာ​တော်​မူ​မည့် ကယ်​တင်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ငါ​တို့​စောင့်​မျှော်​နေ​ကြ​၏။

21. ထို​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​နိုင်​သော​တန်​ခိုး​အား​ဖြင့် ငါ​တို့​၏​ဂုဏ်​သေး​သိမ်​သော​ကိုယ်​ခန္ဓာ​ကို မိ​မိ​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ​နှင့်​တူ​ညီ​စေ​ရန် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 3