3. အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။
4. သို့သော် အသွေးအသား၌ကိုးစားစရာလည်း ငါ၌ရှိပါ၏။ အခြားသူတစ်စုံတစ်ဦးသည် အသွေးအသား၌ကိုးစားစရာရှိသည်ဟု ထင်မှတ်လျှင် ငါ၌ ပို၍ပင်ရှိ၏။
5. ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးထားသောသူ၊ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးမှဟေဗြဲလူမျိုးအစစ်၊ ပညတ်တရားအရဆိုလျှင် ဖာရိရှဲတစ်ဦး၊
6. စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
7. သို့သော် ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဤအရာတို့ကို ခရစ်တော်ကိုထောက်လျက် အရှုံးဟူ၍ ငါမှတ်ယူ၏။
8. ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
9. ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။