5. ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။
6. ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ
7. မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍
8. မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။
9. ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးအပ်တော်မူ၏။
10. ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍
11. နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။
12. သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။
13. အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
14. အရာခပ်သိမ်းကို ညည်းညူခြင်းနှင့်ငြင်းခုံခြင်းမရှိဘဲ လုပ်ဆောင်ကြလော့။
15. ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
16. ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။