10. ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍
11. နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။
12. သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။
13. အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
14. အရာခပ်သိမ်းကို ညည်းညူခြင်းနှင့်ငြင်းခုံခြင်းမရှိဘဲ လုပ်ဆောင်ကြလော့။
15. ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
16. ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။
17. ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
18. ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူဝမ်းမြောက်ကြလော့။
19. ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
20. အကြောင်းမူကား တိမောသေကဲ့သို့ ငါနှင့်စိတ်သဘောချင်းတူ၍ သင်တို့အကျိုးကို အမှန်တကယ်အလေးထားဂရုစိုက်မည့်သူ တစ်စုံတစ်ဦးမျှ ငါ၌မရှိ။
21. လူအပေါင်းတို့သည် ယေရှုခရစ်တော်၏အကျိုးကိုမရှာ ကိုယ်ကျိုးကိုသာရှာကြ၏။