8. ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
9. သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့်
10. မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
11. ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
12. ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။
13. အကြောင်းမူကား ငါအချုပ်အနှောင်ခံရခြင်းသည် ခရစ်တော်အတွက်ဖြစ်ကြောင်း ဘုရင်ခံရုံးတော်တစ်ခုလုံးနှင့် အခြားသောသူအားလုံးတို့ရှေ့၌ ထင်ရှားလာ၍
14. များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
15. အချို့တို့သည် မလိုမုန်းထားစိတ်နှင့် ပဋိပက္ခဖြစ်စေလိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အချို့တို့မူကား စေတနာစိတ်ဖြင့် ဟောပြောကြ၏။
16. စေတနာစိတ်ဖြင့် ဟောပြောသောသူတို့သည် ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေးသောသူအဖြစ် ငါ့ကိုခန့်အပ်ထားကြောင်းသိလျက် ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။
17. အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
18. သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ၊ မှန်မှန်ကန်ကန်ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်အကြောင်းကို ဟောပြောသည်ဖြစ်၍ ၎င်းအတွက် ငါဝမ်းမြောက်၏။ ဆက်၍လည်း ငါဝမ်းမြောက်ဦးမည်။
19. အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။
20. ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။