21. အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။
22. သို့သော် ဤကိုယ်ခန္ဓာ၌ ဆက်၍အသက်ရှင်လျှင် ငါသည် အကျိုးရှိသောအမှုကိုလုပ်ဆောင်နိုင်၏။ ထိုအခါ မည်သည့်အရာရွေးချယ်ရမည်ကို ငါမသိ။
23. သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
24. သို့သော် ဤကိုယ်ခန္ဓာ၌ ငါဆက်၍ရှိနေခြင်းသည် သင်တို့အတွက် ပိုမိုလိုအပ်၏။
25. ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။
26. ထိုအခါ ငါသည် သင်တို့ထံသို့ တစ်ဖန်ရောက်လာသဖြင့် သင်တို့၏ဂုဏ်ယူဝင့်ကြွားစရာအကြောင်းသည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ တိုးပွားလိမ့်မည်။
27. မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
28. ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။
29. အကြောင်းမူကား ခရစ်တော်အတွက် ကိုယ်တော်ကိုယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ်တော်အတွက် ဒုက္ခဝေဒနာခံစားခြင်းအခွင့်ကိုလည်း သင်တို့အား ပေးအပ်ထားသည်ဖြစ်၍
30. ငါရင်ဆိုင်ရသည်ကို သင်တို့တွေ့မြင်ခဲ့ပြီး ယခုလည်း ငါရင်ဆိုင်နေရသည်ဟု သင်တို့ကြားရသောဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေကြ၏။