6. သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။
7. သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။
8. ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
9. သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
10. ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌ “အာနနိ”ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။
11. သခင်ဘုရားကလည်း “ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
12. အာနနိအမည်ရှိသောသူတစ်ဦးဝင်လာပြီး သူ၏မျက်စိပြန်မြင်စေရန် သူ့အပေါ်လက်တင်သည်ကို ရူပါရုံ၌မြင်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
13. အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
14. ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။
15. သို့သော် သခင်ဘုရားက “သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
16. သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
17. ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။