28. ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။
29. သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
30. ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
31. ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
32. ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
33. ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။
34. ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ်ကိုယ်တိုင်အိပ်ရာသိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
35. လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
36. ယုပ္ပေမြို့တွင် ဒေါ်ကာဟုအဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
37. ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။
38. ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။