21. ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
22. သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။
23. ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
24. သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
25. သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
26. ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်နေကြ၏။
27. သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။
28. ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။
29. သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
30. ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
31. ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
32. ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
33. ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။
34. ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ်ကိုယ်တိုင်အိပ်ရာသိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
35. လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။