17. ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
18. ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး
19. အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
20. ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
21. ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
22. သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။
23. ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
24. သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
25. သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
26. ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်နေကြ၏။