25. ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌လည်း ကောင်းမြတ်သောသတင်းကိုဟောပြောလျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြ၏။
26. တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဖိလိပ္ပုအား “ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့”ဟု မြွက်ဆို၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။
27. ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး
28. အပြန်ခရီးတွင် မိမိ၏ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းကိုဖတ်နေ၏။
29. ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
30. ဖိလိပ္ပုသည်လည်း ပြေးသွားရာ ထိုသူသည် ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကို ကြားသဖြင့် “သင်ဖတ်နေသောအရာကို နားလည်ပါသလော”ဟု မေးလေ၏။
31. ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
32. ထိုသူဖတ်နေသည့်ကျမ်းပိုဒ်မှာ “သူသည် သတ်ရန်လျာထားသောသိုးကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရ၍ သိုးသငယ်သည် အမွေးညှပ်သူရှေ့၌ တိတ်ဆိတ်စွာနေသကဲ့သို့ မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
33. သူသည်နှိမ့်ချခြင်းခံရစဉ်၌ သူ့အတွက် တရားသဖြင့်စီရင်ပေးခြင်းမရှိကြ။ သူ၏အသက်သည် မြေကြီးပေါ်မှ နုတ်ယူခြင်းခံရသည်ဖြစ်၍ သူ၏မျိုးဆက်ကို မည်သူပြောပြနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
34. ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော။ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။
35. ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
36. သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
37. [ထိုအခါ ဖိလိပ္ပုက “သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ဗတ္တိဇံခံယူနိုင်ပါသည်”ဟု ဆိုသော် မှူးမတ်က “ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အကျွန်ုပ်ယုံကြည်ပါ၏”ဟု ပြန်ပြောပြီးလျှင်]
38. ရထားကိုရပ်စေရန် အမိန့်ပေးလေ၏။ ထို့နောက် ဖိလိပ္ပုနှင့်မှူးမတ် နှစ်ဦးစလုံးတို့သည် ရေထဲသို့အတူတကွဆင်းသွားကြ၍ ဖိလိပ္ပုသည် မှူးမတ်အား ဗတ္တိဇံပေးလေ၏။
39. ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူသွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။
40. ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။