2. ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
3. ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
4. ကွဲလွင့်သွားသောသူတို့မူကား နှုတ်ကပတ်တရားကို လှည့်လည်ဟောပြောကြ၏။
5. ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
6. လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။
7. အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။
8. သို့ဖြစ်၍ ထိုမြို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းရှိလေ၏။
9. ထိုမြို့တွင် ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် ယခင်ကတည်းက မှော်အတတ်ကိုသုံး၍ ရှမာရိနယ်သားတို့ကို အံ့ဩငေးမောစေကာ မိမိကိုယ်ကိုထူးမြတ်သူတစ်ဦးဖြစ်သည်ဟုဆိုလေ့ရှိ၏။
10. လူကြီးလူငယ်ရှိသမျှတို့သည် သူ့ကိုအာရုံစိုက်လျက် “ဤသူသည် ကြီးမြတ်ခြင်းဟုခေါ်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်”ဟု ဆိုကြ၏။
11. သူတို့သည် သူ့ကိုအာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူတို့ကို အံ့ဩငေးမောစေခဲ့သောကြောင့်ဖြစ်၏။
12. သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုခရစ်တော်၏နာမတော်အကြောင်းကို ဟောပြောသောအခါ လူတို့သည် ယုံကြည်လျက် ယောက်ျားများမှစ၍ မိန်းမများပါ ဗတ္တိဇံခံကြ၏။
13. ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
14. ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။
15. ထိုတမန်တော်နှစ်ပါးသည်ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ခံယူရရှိမည့်အကြောင်း သူတို့အတွက်ဆုတောင်းပေးကြ၏။
16. အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံရုံမျှသာရှိကြပြီး သူတို့တွင် မည်သူ့အပေါ်၌မျှ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းမရှိသေးသောကြောင့်ဖြစ်၏။
17. ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။
18. တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍
19. “အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။