18. တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍
19. “အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။
20. ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။
21. သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
22. ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။
23. အကြောင်းမူကား သင်သည် ခါးသီးသောသည်းခြေနှင့် မတရားမှု၏အနှောင်အဖွဲ့ထဲ၌ရှိနေသည်ကို ငါမြင်သည်”ဟု ဆိုလေ၏။
24. ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။
25. ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌လည်း ကောင်းမြတ်သောသတင်းကိုဟောပြောလျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြ၏။
26. တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဖိလိပ္ပုအား “ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့”ဟု မြွက်ဆို၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။
27. ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး
28. အပြန်ခရီးတွင် မိမိ၏ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းကိုဖတ်နေ၏။
29. ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
30. ဖိလိပ္ပုသည်လည်း ပြေးသွားရာ ထိုသူသည် ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကို ကြားသဖြင့် “သင်ဖတ်နေသောအရာကို နားလည်ပါသလော”ဟု မေးလေ၏။
31. ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။