9. ဘိုးဘေးတို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
10. သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
11. ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။
12. သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံဆန်ရှိကြောင်းကြား၍ ငါတို့၏ဘိုးဘေးများကို ပထမအကြိမ်စေလွှတ်ခဲ့၏။
13. ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။
14. ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
15. ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
16. သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
17. အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
18. အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော အခြားဘုရင်တစ်ပါးပေါ်ထွန်းသည်အထိ ထိုသို့တိုးပွားများပြားလေ၏။
19. ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။
20. ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။
21. ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။
22. မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။
23. သူသည် အသက်လေးဆယ်ပြည့်သောအခါ မိမိညီအစ်ကိုများဖြစ်ကြသော အစ္စရေးအမျိုးသားတို့ကို အကြည့်အရှုသွားလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာလေ၏။
24. ထို့နောက် လူတစ်ဦးသည် မတရားသဖြင့်ပြုမူခြင်းခံနေရသည်ကိုမြင်၍ ထိုသူကိုကာကွယ်လျက် အီဂျစ်အမျိုးသားကိုရိုက်သတ်ကာ ဖိနှိပ်ခံရသူအတွက် လက်တုံ့ပြန်လေ၏။
25. မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။