43. သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
44. ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
45. ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
46. ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
47. သို့သော် ဘုရားသခင်အတွက် အိမ်တော်ကိုတည်ဆောက်ခဲ့သူမှာ ရှောလမုန်ဖြစ်၏။
48. သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
49. ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
50. ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လောဟု ထာဝရဘုရားမိန့်တော်မူ၏’ဟူ၍ ပရောဖက်ဆိုထားသည့်အတိုင်းဖြစ်၏။
51. ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
52. သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
53. သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပြဋ္ဌာန်းထားသောပညတ်တရားကို ရရှိသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းမရှိကြ”ဟု ဆိုလေ၏။
54. သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။