တ​မန်​တော်​ဝတ္ထု 7:4-18 Myanmar Standard Bible (MSB)

4. ထို​အ​ခါ သူ​သည် ခါ​လ​ဒဲ​လူ​မျိုး​တို့​၏​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​၌​နေ​ထိုင်​လေ​၏။ သူ​၏​ဖ​ခင်​သေ​ဆုံး​ပြီး​နောက် ဘု​ရား​သ​ခင်​သည် သူ့​ကို ထို​နေ​ရာ​မှ ယ​ခု ငါ​တို့​နေ​ထိုင်​သော​ပြည်​သို့ ပြောင်း​ရွှေ့​စေ​တော်​မူ​၏။

5. သို့​သော် ဤ​ပြည်​၌ ခြေ​ချ​စ​ရာ​နေ​ရာ​ကို​မျှ အ​မွေ​အ​ဖြစ်​ပေး​တော်​မ​မူ​ဘဲ သူ​ကိုယ်​တိုင်​နှင့် သူ​၏​အ​မျိုး​အ​နွယ်​တို့​အား ဤ​ပြည်​ကို​အ​ပိုင်​ပေး​မည်​ဟု သူ​၌​က​လေး​တစ်​ယောက်​မျှ​မ​ရှိ​မီ သူ့​အား က​တိ​ပေး​တော်​မူ​၏။

6. တစ်​ဖန် ဘု​ရား​သ​ခင်​က သူ​၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​၏​တိုင်း​ပြည်​တွင် ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​မည်​ဖြစ်​ကြောင်း​နှင့် ထို​တိုင်း​ပြည်​မှ​လူ​တို့​သည် သူ​တို့​ကို​ကျွန်​ပြု​၍ အ​နှစ်​လေး​ရာ​ပတ်​လုံး မ​တ​ရား​နှိပ်​စက်​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​၏။

7. ဘု​ရား​သ​ခင်​က ‘သူ​တို့​ကျွန်​ခံ​ရ​သော​လူ​မျိုး​ကို ငါ​စီ​ရင်​မည်။ ထို့​နောက် သူ​တို့​သည် ထွက်​ခွာ​လာ​၍ ဤ​နေ​ရာ​၌ ငါ့​ကို​ဝတ်​ပြု​ကြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

8. ဘု​ရား​သ​ခင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​ကို​လည်း အာ​ဗြ​ဟံ​အား​ပေး​တော်​မူ​သ​ဖြင့်​သူ​သည် သား​ဣ​ဇက်​ကို​ရ​သော​အ​ခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣ​ဇက်​သည် သား​ယာ​ကုပ်​ကို​ရ​ပြီး ယာ​ကုပ်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​ဘိုး​ဘေး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

9. ဘိုး​ဘေး​တို့​သည် ယော​သပ်​ကို​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍

10. သူ​၏​ဆင်း​ရဲ​ဒုက္ခ​အ​လုံး​စုံ​တို့​ထဲ​မှ သူ့​ကို​ကယ်​နုတ်​ပြီး သူ့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​လျက် အီ​ဂျစ်​ဘု​ရင် ဖာ​ရော​မင်း​ရှေ့​၌ မျက်​နှာ​ရ​စေ​တော်​မူ​၏။ ထို​အ​ခါ ဖာ​ရော​မင်း​သည် အီ​ဂျစ်​ပြည်​နှင့်​မိ​မိ​၏​နန်း​တော်​တစ်​ခု​လုံး​ကို ဦး​ဆောင်​သူ​အ​ဖြစ် သူ့​ကို​ခန့်​ထား​လေ​၏။

11. ထို့​နောက် အီ​ဂျစ်​ပြည်​နှင့်​ခါ​နာန်​ပြည်​တစ်​ဝန်း​လုံး​တွင် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် ကြီး​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​တို့​ကျ​ရောက်​လာ​သ​ဖြင့် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် စား​စ​ရာ​ကို​မ​ရ​ရှိ​နိုင်​တော့​ချေ။

12. သို့​သော် ယာ​ကုပ်​သည် အီ​ဂျစ်​ပြည်​၌ ဂျုံ​ဆန်​ရှိ​ကြောင်း​ကြား​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​ကို ပ​ထ​မ​အ​ကြိမ်​စေ​လွှတ်​ခဲ့​၏။

13. ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် သူ​၏​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို​ဖော်​ပြ​သ​ဖြင့် ယော​သပ်​၏​မျိုး​ရိုး​ကို ဖာ​ရော​ဘု​ရင်​သိ​ရှိ​လာ​၏။

14. ထို့​နောက် ယော​သပ်​သည် လူ​လွှတ်​၍ မိ​မိ​၏​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ ခု​နစ်​ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေ​မျိုး​သား​ချင်း​အား​လုံး​ကို ခေါ်​လေ​၏။

15. ဤ​သို့​ဖြင့် ယာ​ကုပ်​သည် အီ​ဂျစ်​ပြည်​သို့​ဆင်း​သွား​၍ သူ​နှင့် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ထို​ပြည်​၌​သေ​ဆုံး​ခဲ့​ကြ​၏။

16. သူ​တို့​၏​အ​လောင်း​ကို​မူ ရှေ​ခင်​မြို့​သို့ ပြန်​လည်​သယ်​ဆောင်​လာ​ပြီး ထို​မြို့​နေ ဟာ​မော်​၏​သား​များ​ထံ​မှ တန်​ဖိုး​ငွေ​ပေး​၍ အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ကြ​၏။

17. အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင်​က​တိ​ပေး​တော်​မူ​သော က​တိ​တော်​၏​နေ့​ရက်​နီး​ကပ်​လာ​သည်​နှင့်​အ​ညီ လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​တွင် တိုး​ပွား​လျက်​များ​ပြား​လာ​၍

18. အီ​ဂျစ်​ပြည်​၌ ယော​သပ်​ကို​မ​သိ​သော အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​သည်​အ​ထိ ထို​သို့​တိုး​ပွား​များ​ပြား​လေ​၏။

တ​မန်​တော်​ဝတ္ထု 7